“လူမှု့ပြုပြင်ပြောင်းလဲခြင်းအားဖြင့်
သာသနာပြုခြင်း”
နိဒါန်း
ခရစ်ယာန်ဘာသာ၏ အဓိကကျသောလုပ်ငန်းမှာ
သာသနာပြုခြင်းဖြစ်ပါသည်။ ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းများ၊ ဓမ္မတက္ကသိုလ်များ၊
ကျမ်းစာသင်ကျောင်းများ၊ အသင်းတော်များအပါအဝင် အမှု့တော်ဆောင်၊
ဘုန်းတော်ြကီးများသာမက၊ ယုံကြည်သူတစ်ဉီးစီ၌တာဝန်ယူလုပ်ဆောင် ကြရမည့်အရာဖြစ်ပါသည်။ သခင်ခရစ်တော်၏
လောကသာသနာခရီး၌ သာသနာပြုခြင်း၏ အခြေခံကျသောအကြောင်းအရာများ၊ နည်းလမ်းများကို
ကျွန်ုပ်တို့ကိုကောင်းစွာ သင်ကြားပြသ သွားပေးခဲ့ပါသည်။ သို့ဖြစ်ပါ၍
သမ္မာကျမ်းစာကို အခြေပြုပြီး ယနေ့ခေတ်မြန်မာပြည်ကြီး၌ ထိရောက်သော
သာသနာပြုနိုင်ရန်လိုအပ်ပေသည်။ တစ်ဘက်မှပြန်ကြည့်ပါက ကျွန်ုပ်တို့နိုင်ငံသည် လူမှု့ရေးရာလိုအပ်ချက်များသော
တိုင်းနိုင်ငံဖြစ်ပါသည်။ ဆင်းရဲချမ်းသာကွာဟချက်လည်း အလွန်များပါသည်။ သို့ဖြစ်ပါ၍
ယနေ့ခေတ် ခရစ်ယာန်သာသနာပြု ကြမည် ဖြစ်သော ခရစ်ယာန်များအနေဖြင့် လည်းကောင်းအချက်ကို
ကောင်းစွာထည့်သွင်းစဉ်းစားကြရမည်ဖြစ်သည်။ ဤစာတန်းငယ်၌ လူမှု့ပြုပြင်ပြောင်းလဲခြင်းအားဖြင့်သာသနာပြုခြင်းကို
အနည်းငယ်လေ့လာ တင်ပြထားပါသည်။
လူမှု့ပြုပြင်ပြောင်းလဲခြင်းအားဖြင့်သာသနာပြုခြင်းဆိုသည်မှာ
လူတစ်ဉီးဖြစ်လာပါက လိုအပ်ချက်များရှိလာပါသည်။
စီးပွားရေး၊ နိုင်ငံရေး၊ လူမှု့ရေးဖိအားများကြောင့် လူတိုင်းလူတိုင်းသည် မိမိနှင့်
မိမိတို့မိသားစုများ၏ လိုအပ်ချက်များကိုပြည့်စုံစွာ မဖြည့်ဆည်းနိုင်ကြပေ။
နိုင်ငံတိုင်းတွင် လူမှု့ရေးရာလိုအပ်ချက်များစွာရှိနေပေသည်။ အထူးသဖြင့်
တတိယကမ္ဘာထဲမှ နိုင်ငံတစ်ခုဖြစ်သော ကျွန်ုပ်တို့၏နိုင်ငံတွင်လည်း လူမှု့ရေးရာလိုအပ်ချက်
များစွာရှိနေနိုင်ပါသည်။ အသွင်ပြောင်းခြင်းကို ဓမ္မပညာရှင် David J. Boschက ချို့တဲ့နွမ်းပါးသူများမှ
ဘုရားသခင်၏ ဖန်ဆင်းခြင်းကို လုံးဝရရှိခံစားနိုင်ရန် အတွက် လူမှု့အဖွဲ့အစည်းများ၌
များစွာသောပြုပြင်ရေးများကို ပြုလုပ်ခြင်းဟုဆိုလေသည်။[1] ထို့ကြောင့် လူမှု့ပြုပြင်ပြောင်းလဲခြင်း
ဆိုသည်မှာ အားနည်းသူများခံစား နေရသော လူမှု့ရေးဆိုင်ရာမညီမျှခြင်းများကို
အတတ်နိုင်ဆုံးသက်သာသွားစေရန် ခရစ်ယာန်များဘက်မှ ဝိုင်းဝန်းကူညီမစပေးကြရန်ဖြစ်ပါသည်။
သခင်ယေရှု၏ သာသနာပြုခြင်းသည် ဟောပြောခြင်းသာသနာ၊
သင်ကြားခြင်းသာသနာ၊ ကုသခြင်းသာသနာ များကို လက်တွေ့ကျင့်သုံးပြသသွားခဲ့သည်။ ထို့အတူ
အထက်ပါ သာသနာပြုနည်းများကို ဖော်ဆောင်နေရင်း လူသားတို့၏ အခြေခံလူမှု့လိုအပ်ချက်များကိုပါ
ဖြည့်ဆည်း ပေးခဲ့ကြောင်းကို ခရစ်ဝင်ကျမ်းများတွင် အထင်အရှားတွေ့မြင်ရပါသည်။
ဓမ္မပညာရှင် Walter
Rauschenbusch က သခင်ယေရှုသည် လူမှု့အသွင်ပြောင်းလဲသူ (Social
Transformer)တစ်ဉီးဖြစ်ပြီး ဓမ္မသစ်ထဲ၌ လူမှု့အသွင်ပြောင်းလဲရေးကို
နည်းလမ်းများစွာသုံး၌ဖော်ပြသွားခဲ့သည်။ ခရစ်ယာန်ဘာသာသည် အသွင်ပြောင်းလဲကာ
သတင်းကောင်းကို ကောင်းစွာနားလည် အနက်ပြန်ပြီး လူတစ်ဦးစီကိုလည်းကောင်း၊ မိသားစု၊
ပတ်ဝန်းကျင်၊ လူအဖွဲ့အစည်း တစ်ခုလုံးကိုပါ အသွင်ပြောင်းကာ စုစည်းညီညာစေခဲ့သည်
ဟုဆိုသည်။[2] ဉပမာအနေဖြင့် သခင်ယေရှု၏ လူမှု့ပြုပြင်မှု့များထဲမှ
အဖြစ်အပျက်တစ်ခုကို ဖော်ပြပေးရပါက ရှင်လုကာခရစ်ဝင် ၇: ၁၁-၁၇
တွင် နာဣနမြို့မှ မုဆိုးမသားကို ပြန်လည်ရှင်ပြန်စေခြင်း အမှု့ကို လူမှု့ရေးကြည့်ပါက
ယုဒတို့ထုံးစံ၌ သားအမွေခံမရှိသော အမျိုးသမီးသည် သေဆုံးသွားသော လင်ယောကျ်ား၏ ပိုင်ဆိုင်သမျှကို
အမွေခံရခြင်းခွင့်မရှိပေ။ သားယောကျ်ားသာလျှင် ဖခင်၏အမွေကို ဆက်ခံပိုင်ခွင့်ရှိသည်။[3] အမွေခံသားသေဆုံး သွားခြင်းသည် မိခင်အတွက်အရာရာဆုံရှူံးခြင်းသာ ဖြစ်ပေသည်။
ထိုလူငယ်ပြန်လည် အသက်ရှင်ခဲ့ခြင်းသည် အလွန်ကောင်းသောအရာ၊ အံဩဖွယ်ရာနမိတ်
တစ်ခုဖြစ်ခဲ့သည်သာမက၊ မိခင်တစ်ဉီး၏ လူမှု့ရေးဒုက္ခကြီးတစ်ခုကိုပါ သခင်ယေရှုခရစ်တော်မှ
ဖြေရှင်းပေးတော်မူ ခြင်းဖြစ်လေသည်။
ယနေ့ခေတ်မြန်မာအသင်းတော်မှလုပ်ဆောင်သင့်သော လူမှု့ပြုပြင်ပြောင်းလဲရေးသာသနာ
လူမှု့ရေးပြုပြင်ပြောင်းလဲခြင်းသည်
အလွန်ကျယ်ပြန့်သောလုပ်ငန်းဖြစ်ပါသည်။ အောက်ဖော်ပြပါ အကြောင်းအရာများသည် ယနေ့ခေတ် ကျွန်ုပ်တို့နိုင်ငံအတွက်သင့်တော်သော
လူမှု့ရေးပြုပြင်ပြောင်းလဲခြင်း သာသနာလုပ်ငန်း များဖြစ်ပေလိမ့်မည်။
ပညာရေး
ကနဉီးမြန်မာ့ခရစ်ယာန်သမိုင်းတွင်
အနောက်တိုင်းသာသနာပြုများ၏ဉီးဆောင်မှု့ဖြင့် သာသနာကျောင်းများကို
ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ဤကျောင်းများတွင် ဘာသာပေါင်းစုံမှ
လူမျိုးပေါင်းစုံတို့တက်ရောက် ပညာသင်ကြားခဲ့ကြကြောင်းတွေ့ရသည်။ အခြေခံပညာသာမက
အဆင့်မြင့်ပညာများကိုပါ သင်ကြားပေးနိုင်ခဲ့သည်။ ဤသည်မှာ ယေဘုယျပညာရေး (General Education)ဖြစ်ပြီး
အထူးပညာရေး(Special Education) အဖြစ် မသန်စွမ်းသူများ၊
အခြားလိုအပ်ချက်ရှိသောသူများအတွက်ပါ စာပေနှင့်သက်မွေးမှု့ပညာ များကိုပါ
သင်ကြားပေးနိုင်သောကျောင်းများကို
ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်းတွေ့ရှိရပါသည်။ ထိုကျောင်းများတွင်
အနောက်တိုင်းသာသနာပြုဆရာများသာမက ဒေသခံဆရာဆရာမများပါ သင်ကြားပေးခြင်းဖြင့်
အမှု့တော်ဆောင် ခဲ့ကြောင်းတွေ့ရှိရပါသည်။ ခရစ်ယာန်များသည် တိုင်းပြည်၏ ပညာရေးကဏ္ဍတွင်
ထိရောက်စွာပါဝင်ခဲ့ ကြောင်းတွေ့ရှိရပါသည်။ ယခုအခါ မြန်မာခရစ်ယာန် အသင်းတော်များတွင်
အခမဲ့စာဖတ်ဝိုင်းများအားဖြင့် အခြေခံပညာကျောင်းသားကျောင်းသူများကို
ပညာသင်ကြားပေးနေကြောင်းတွေ့ရှိရသည်။ နွေရာသီ အင်္ဂလိပ်စာသင်တန်းများကိုလည်း
ဖွင့်လှစ်သင်ကြားပေးနေသည်။
စိုက်ပျိုးရေး
မြန်မာ့စိုက်ပျိုးရေးသမိုင်းတွင် ဘိုကိတ် ခေါ်.Mr. Brayton Case သည်
စိုက်ပျိုးရေးဖြင့် လူမှု့ပြုပြင်ရေးကို ပြုလုပ်ပြသွားသူတစ်ဖြစ်သည်။
ကယ်လီဖိုးနီးယားတက္ကသိုလ်တွင် ပညာသင်ကြားခဲ့သူMr. Case သည်
ကျောင်းသားဘဝတွင်ပင် မိုးရေချိန်နည်းနည်းတွင်
မည်သို့စိုက်ပျိုးရမည်ကိုလေ့လာခဲ့သူဖြစ်သည်။
မြန်မာလယ်သမားများနှင့်အတူ စိုက်ပျိုးရေးနည်းလမ်းများကိုမျှဝေခဲ့သူဖြစ်ပြီး
၁၉၂၃တွင် ပျဉ်းမနား၌ စိုက်ပျိုရေးဆိုင်ရာကျောင်းကိုဖွင့်လှစ်သင်ကြားခဲ့သည်။ မြန်မာပြည်၌နှစ်ပေါင်းများစွာ
အသစ်သစ်သော သိပ္ပံနည်းကျ စိုက်ပျိုးရေးနည်းစနစ်များကို ဝေမျှခဲ့သူဖြစ်သည်။ သူ၏လုပ်ဆောင်ချက်များကိုနမူနာယူ၍
ယနေ့ခေတ်ခရစ်ယာန်အသင်းတော်သည် စိုက်ပျိုးရေးကိုအခြေခံသော လူမှု့ပြုပြင်
ပြောင်းလဲရေးသာသနာကို မြန်မာပြည်ကြီး၌ဆောင်ရွက်သင့်ပါသည်။
ကျန်းမာရေး
ဤနိုင်ငံ၌အဓိကလိုအပ်ချက်ထဲတွင် ကျန်းမာရေးပါဝင်နေပါသည်။
ဆင်းရဲသူများ၊ လိုအပ်သူများ များစွာရှိနေကြသော တိုင်းနိုင်ငံ၌
သာမန်ပြည်သူများမှာဆေးဝါးကုသခံယူရန် ခက်ခဲလှကြောင်းတွေ့ရှိရသည်။
ကနဉီးခရစ်ယာန်သာသနာပြုများထဲတွင် ဆရာဝန်များ၊ သူနာပြုများ၊
ဆေးဝါးကျွမ်းကျင်သူများပါဝင်လာကြရာ သူတို့အားဖြင့် သာသနာ့ဆေးရုံများ၊
ဆေးပေးခန်းများဖွင့်လှစ်ကြပြီး ကုသခြင်းသာသနာပြုနိုင်ကြသည်။ ဉပမာအားဖြင့်
မော်လမြိုင်အနာကြီးဆေးရုံနှင့်တကွ နိုင်ငံအနှံ့အပြားတွင်
ဆေးရုံဆေးခန်းများဖွင့်လှစ်ကာ ဒေသခံတိုင်းရင်းသားများကို
ဆေးဝါးကုသပေးနိုင်ခဲ့ကြောင်းတွေ့ရှိရပါသည်။ ထိုကဲ့သို့ပင် ယခုအခါ အချို့
ခရစ်ယာန်အသင်းတော်များတွင် ဆေးခန်းများဖွင့်လှစ်ကာ ကုသခြင်းသာသနာကိုလုပ်ဆောင်နေ
ကြောင်းတွေ့ရှိရပါသည်။ ဆက်လက်၍လည်း ပိုမိုတိုးချဲ့ကာဆောင်ရွက်သင့်သည်ဟုထင်မြင်မိပါသည်။
နိဂုံး
ယခုအခါ မြန်မာခရစ်ယာန်အသင်းတော်သည်
ဝိညာဉ်ရေးရာလိုအပ်ချက်ကိုသာမက လူမှု့ရေး၊ စီးပွားရေးနှင့်အခြားသောအကြောင်းအရာများတွင်
ဖိနှိပ်ခြင်းများ၊ တိုက်ခိုက်ခြင်းများကိုခံနေရသော အချိန်ဖြစ်လေသည်။ ကိုဗစ်ရောဂါ
သာမက နိုင်ငံရေးကိစ္စများကြောင့် ပုံမှန်ဝတ်ပြုခြင်းကိစ္စများကို ရပ်နားထားရသော
အသင်းတော်များရှိနေလေသည်။ ထို့အတူ မငြိမ်မသက်ဖြစ်နေသောဒေသများမှ ယုံကြည်သူ၊
မယုံကြည်သူများ အားလုံးတို့အတွက် လိုအပ်သော အထောက်အမများကိုကူညီမစပေးနေရသော
အချိန်လည်းဖြစ်ပေသည်၊ တဖက်ကကြည့်ပါက ယခုအချိန်သည်
လူမှု့ပြုပြင်ပြောင်းလဲရေးသာသနာပြုခြင်းဖြင့် ခရစ်တော်ဘုရား၏ကောင်းမြတ်ခြင်းကို
ဝေမျှရန်အကောင်းဆုံးအချိန်ဖြစ်သည်။ သခင်ယေရှုခရစ်တော်သည် အသင်းတော်၏
ဉီးစီးဉီးဆောင်ဖြစ်ပါသည်။ သင်းဝင်သူ၊ ယုံကြည်သူတစ်ယောက်စီသည် သူ့နောက်လိုက်ရင်း
သူကဲ့သို့ပြုကျင့်ရန် အလိုတော်ရှိသူဖြစ်ပါသည်။ ဤခေါ်တော်မူခြင်းသည်
ခရစ်ယာန်တိုင်းငြင်းပယ်ရန်မဟုတ်၊ လုပ်ကိုလုပ်ဆောင်ရမည့် တာဝန်ဖြစ်ပေသည်။
မြန်မာခရစ်ယာန်အသင်းတော်သည် မိမိအရှင်၏ခေါ်တော်မူသံကို နာခံ၍
လိုအပ်ချက်များနေသောမြန်မာပြည်ကြီးကို ကယ်တင်ခြင်းသတင်းစကားမျှဝေနေရင်းနှင့်ပင်
လူမှု့လိုအပ်ချက်များကိုဖြည့်ဆည်းကြရမည်ဟုရှု့မြင်မိပါသည်။
ရည်ညွှန်းကိုးကားစာအုပ်များ
1.
David
J. Bosch, Transforming Mission: Paradigm
Shifts in Theology of Mission. Maryknoll, NY: Orbis Books, 1991.
2.
Walter Rauschenbusch, Theology of Social
Gospel. Louisville, KY: John Knox Press, 2004.
3. Joel B. Green, “The Gospel of Luke,” New International Commentary on the New Testament. Grand Rapids, MI: William B. Eerdmans, 1997.
4. Maung Shwe Wa and Sowards, Burma Baptist Chronicle. Rangoon: Burma Baptist Convention.
[1] David J. Bosch, Transforming Mission: Paradigm Shifts in
Theology of Mission (Maryknoll, NY: Orbis Books, 1991), 15
[2] Walter Rauschenbusch, Theology
of Social Gospel (Louisville, KY: John Knox Press, 2004) 1
[3] Joel B. Green,
“The Gospel of Luke,” New International Commentary on the New Testament
(Grand Rapids, MI: William B. Eerdmans, 1997), 353.
.
Comments
Post a Comment